Saturday, June 4, 2016
ရွှေကူမြို့နယ်ဖြစ်စဉ်သမိုင်း
ရွှေကူမြို့သည် သမိုင်းတွင်ထင်ရှားခဲ့သော မြို့တစ်မြို့ဖြစ်သည်။
ပုဂံခေတ်တွင် အနော်ရထာမင်းကြီးသည် ပုဂံနိုင်ငံတော် တမ္ပဒီပတိုင်းနှင့် ကမ္ဘောဇတိုင်းကို သီးခြားဖြစ်စေရန် ကင်းမြို့ (၄၃)မြို့ကို တည်ထားခဲ့ရာ ရွှေကူသည်ကင်းမြို့တစ်မြို့အဖြစ် ထင်ရှားခဲ့သည်။
တန်ခိုးကြီး ရွှေပေါ်ကျွန်းဘုရားကို အကြောင်းပြု၍လည်းကောင်း ၊မွန်ဂိုကျူးကျော်မှု ၊မန်းချူးကျူးကျော်မှု တွန်းလှန်တိုက်ပွဲတို့ကို ချီတက်ရာတွင် ရွှေကူမြို့သည် အထောက်အကူစခန်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။
ရွှေကူမြို့ဟုခေါ်ဆိုရခြင်းမှာ မော်လမြိုင်တောရပ် မှဂူ၊ မန်ဝိန်းဂူ၊ စီမူကြီးလွင်ပြင်မှဂူ၊
တောပုန်းရွာ ဂူဘုရားကြီးမှ ဂူ ဟူသော ဂူသုံးဂူတို့ကိုအကြောင်းပြု၍ ရွှေဂူဟု ခေါ်ဆိုခဲ့ကြောင်းကို မန်လည်ဆရာတော်ဘုရား ရေးသားတော်မူခဲ့သော ဝါဆိုသိမ်ကျောင်းအဆိုအရ သိရှိရသည်။
ရွှေကူမြို့သည် ယခင်အခါက မိုးမိတ်၊မိုးကောင်း၊ဗန်းမော် သုံးပြည်ထောင်နယ်စပ်တွင်ဖြစ်ပြီး ချောက်တို့ကိုဖို့၍ ခံတပ်မြို့ တည်ဆောက်ခဲ့သည်။ ခံတပ်ကိုရုပ်သိမ်းသွားသောအခါ ရှမ်းတို့က"မိန်ကူ"ဟူ၍လည်းကောင်း၊ "ဝှေကူ"ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ရှမ်းဘာသာတွင် "ဝှေ"၏ အဓိပ္ပာယ်မှာ "ချောက်"ဖြစ်ပြီး၊ "ကူ"မှာ ရုပ်သိမ်းခြင်းဟု အဓိပ္ပာယ်ရသဖြင့် "ချောက်ကိုဖို့၍ ခံတပ်ရုပ်သိမ်းရာနေရာ"ဟု ဆိုလိုသည်။ "ဝှေကူ"ဟူသော ရှမ်းစကားမှ ရွှေကူဟု ပြောင်းလဲခေါ်ဝေါ် လာကြသည်ဟု လည်းကောင်း ရွှေပေါ်ကျွန်း(ကျွန်းတော်)ဘုရားသမိုင်းတွင် ဖော်ပြထားပါသည်။
ရွှေကူမြို့တည်စဉ်က ငွေကြေးမလုံလောက်မှုကြောင့် နယ်ရှင်စော်ဘွားတို့က မြန်မာမင်းအား ရွှေအခွန်တော် ဆက်သကူညီရသောကြောင့် ရွှေကူဟု ခေါ်တွင်လာသည် ဟူ၍လည်းကောင်း၊ ရွှေကူမြို့အထက် ရွှေပေါ်ကျွန်းမှ အရောင်အဆင်းတောက်ပသော အုန်းသီးလုံးအရွယ်ပမာဏရှိသော ရွှေလုံးကြီးတစ်လုံးသည် ဧရာဝတီမြစ်ကို ဖြတ်ကျော်လျက် ရွှေကူမြို့ တည့်တည့်ဘက် မကြာခဏကူးလာတတ်သည်ကို အကြောင်းပြု၍ "ရွှေကူမြို့"ဟူ၍ ဖြစ်ပေါ်လာသည် ဟူ၍လည်းကောင်း မှတ်တမ်း၌ တွေ့ရှိရပါသည်။
ပုဂံခေတ် အနော်ရထာမင်းလက်ထက် မြန်မာသက္ကရာဇ်(၃၉၇)ခုနှစ် တပေါင်းလဆန်း(၁၂)ရက်နေ့တွင် ကင်းတပ်မြို့ (၄၃)မြို့ကို တည်ဆောက်ခဲ့ရာ ရွှေကူမြို့လည်း ကင်းတပ်အဖြစ်ပါဝင်ခဲ့သည်။မြန်မာသက္ကရာဇ်(၁၁၁၅)ခုနှစ်တွင် နန္ဒပေါ်ထင်ဘွဲ့ခံ စက္ကဗလအမည်ရ ငမန်ထွေးသည် ရွှေကူမြို့ကို အလောင်းမင်းတရားကြီးထံမှ ခြားနားခဲ့သည်။ (၁၁၄၃) ခုနှစ် ဗဒုံမင်းလက်ထက် သားတော်မင်းရဲကျော်စွာအား ရွှေကူမြို့ကို အပိုင်စားစေခဲ့သည်။
၁၈၈၅ ခုနှစ် ဒီဇင်ဘာလတွင် ရွှေကူမြို့သို့ဗြိတိသျှတပ်များ ဝင်ရောက်လာခဲ့ကြသည်။ ၁၈၈၇ ခုနှစ်တွင် ရွှေကူမြို့ကို ခရိုင်ခွဲသတ်မှတ်ပြီး အုပ်ချုပ်ခဲ့ရာ ပထမဆုံး ခရိုင်ခွဲဝန်ထောက်အဖြစ် အုပ်ချုပ်ခဲ့သူမှာ မစ္စတာဘလိုနေ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment